ခရမ်းသီးငါးခူ၊ငါးပိထောင်း

ခရမ်းသီးရှည် ၃လုံး ၊ငါးခူသေး၁ကောင် ၊ကြက်သွန်ဖြူ ၅တက် ငရုတ်သီးစိမ်းတောင့်နီ ၁၀တောင့်၊ ငါးပိ အနည်းငယ် ငါးခူကိုရေဆေးသန့်စင်ပြီးဝါးတံစို့ထိုးကာကျက်အောင်ကင်ပါ။ ငရုတ်သီးစိမ်းနီ၊ကြက်သွန်ဖြူ တို့ကိုလဲတံစို့ထိုးပြီးကင်ပါ။ ခရမ်းသီးကိုအလုံးလိုက်သံဇကာလေးခံပြီးကျက်သည်အထိကင်ပြီးအအေးခံထားပါ။ ငါးပိကိုလဲဇွန်းပြားလေးမှာကပ်ပြီးမီးကင်ပါ။

ငရုတ်ဆုံထဲမှာလှော်ထားတဲ့ကြက်သွန်ဖြူ ၊ငရုတ်တောင့်နီနှင့်ငါးပိတို့ကိုရောပြီးသမသွားအောင်ထောင်းပါ။ ဆား၊ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပါ။ငါးခူမီးကင်ကိုဖဲ့ခြွေထည့်ပြီးဇွန်းလေးနဲ့သမ အောင်မွှေပေးပါ။

မီးဖုတ်ထားတဲ့ခရမ်းသီးကိုအခွံခွာပြီး(၃)ပိုင်းသို့မဟုတ်(၄)ပိုင်း ပိုင်းဖြတ်ပြီးထည့်ကာကျည်ပွေ့လေးဖြင့်ဖိချေပေးပါ။ ခရမ်းသီးတွေကြေသွားသည်အထိမထောင်းပါနှင့်။မိမိနှစ်သက်ရာတို့စရာအရွက်များဖြင့်တွဲဖက်ပါ။

မန်ကျည်းသီးစိမ်းငါးပိထောင်း

မန်ကျည်းသီးစိမ်းနုနု ၃ကျပ်သား၊ကြက်သွန်ဖြူ ၅တက် ၊ငရုတ်သီးစိမ်း ၁၅တောင့်ခန့် မျှင်ငါးပိ ၁ဇွန်း ၊ပုစွန်ခြောက် ၁ဇွန်း၊ပဲဆီသန့် ၃ဇွန်းခန့်
မန်ကျည်းသီးစိမ်းလေးတွေကိုဆားနှင့်အနည်းငယ်ပွတ်ပြီးဆေးပါ(အပွေးမှုန်လေးတွေပြောင်စင်စေရန်အတွက်) မျှင်ငါးပိကိုဇွန်းပြားလေးမှာကပ်ပြီးမီးကင်ပါ။ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်တို့ကိုမွှေးနေအောင်လှော်ပေးပါ။ လှော်ထားတဲ့ငရုတ်သီးအရောကိုဦးစွာညှက်အောင်ထောင်းပါ။ညှက်သွားလျှင်မီးကင်ထားတဲ့ငါးပိထည့်ထောင်းပါ။ သမအောင်မွှေထောင်းပြီးပြီဆိုမှမန်ကျည်းသီးစိမ်းနုနုလေးတွေထည့်ထောင်းပါ။ ဆား၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပြီးစေးညှက်နေအောင်ထောင်းပါ။ပဲဆီသန့်သန့်လေးလောင်းထည့်ပြီးမွှေပေးပါ။

မရမ်းသီးစိမ်းငါးပိထောင်း

မရမ်းသီးနုနု၂၀လုံးခန်၊့ ကြက်သွန်ဖြူ၅တက် ၊ငရုတ်သီးစိမ်း ၁၀​တောင့်ခန့် ၊အာဝါးသီး၂​တောင့်​ ၊မျှင်ငါးပိ ၁ဇွန်း ၊ပုစွန်ခြောက် ၁ဇွန်း ၊ပဲဆီသန့် ၃ဇွန်းခန့် မရမ်းသီးကိုထက်​ခြမ်းခွဲပြီးအ​စေ့ထုတ်​၊ခပ်​ပါးပါးလှီးပါ။ မရင့်​​သေးတဲ့အတွက်​ဆားထည့်​နယ်​ပြီး​ဆေးဖို့မလို​သေးပါဘူး။ ရေ​​ဆေးပြီး​ရေစင်​​အောင်​ညှစ်​ထုတ်​ထားပါ။မျှင်ငါးပိကိုဇွန်းပြားလေးမှာကပ်ပြီးမီးကင်ပါ။ ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်တို့ကိုမွှေးနေအောင်လှော်ပေးပါ။

လှော်ထားတဲ့ငရုတ်သီးအရောကိုဦးစွာညှက်အောင်ထောင်းပါ။ညှက်သွားလျှင်မီးကင်ထားတဲ့ငါးပိထည့်ထောင်းပါ။ သမအောင်မွှေထောင်းပြီးပြီဆိုမှပါးပါးလှီးထားတဲ့မရမ်းသီးတွေထည့်ထောင်းပါ။ ဆား၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပြီးအနည်းငယ်သမသွားအောင်ထောင်းပါ။နှစ်သက်ပါကပဲဆီသန့်သန့်လေးလောင်းထည့်ပြီးမွှေပေးပါ။

ဂွေးသီးငါးပိချက်

ဂွေးသီးနုနု ၂ဝလုံးခန့် ၊ကြက်သွန်နီ ၃လုံး၊ ကြက်သွန်ဖြူ ၇တက် ၊ငရုတ်သီးခွဲကြမ်း ၂ဇွန်း ၊ပုစွန်ခြောက် ၂ဇွန်း၊ ငါးပိ ၁ဇွန်း ပထမဆုံးဂွေးသီးနုနုတွေကိုခပ်နုပ်နုပ်လေးလှီးပြီးဆားနှင့်နယ်ပြီးနှပ်ထားပါ။ ကြက်သွန်နီကိုပါးပါးလှီးပြီးကြက်သွန်ဖြူ ကို ညှက်နေအောင်ထောင်းပါ။ပုစွန်ခြောက်ကိုညှက်နေအောင်ကြိတ်ပါ။ ငရုတ်သီခြောက်တောင့်ကိုခွဲကြမ်းဖတ်များရ အောင်ကြိတ်ပါ။

ဆားနယ်ထားသောဂွေးသီးတွေကိုရေဆေးပြီး ရေစင်အောင်ညှစ်ထုတ်ထားပါ။ ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပါ။ဆီပူလာလျှင်ကြက်သွန်နီ၊ဖြူ တွေကိုနနွင်းမှုန့်၊ အရောင်တင်မှုန့်အနည်းငယ်နှင့်အတူဆီသတ်ပါ။

မွှေးလာလျှင်ငါးပိထည့်ပြီးမွလာအောင်ဆီသတ်ပါ။ပုစွန်ခြောက်မှုန့်တွေထည့်ပေါင်းပါ။ ငရုတ်သီးခွဲကြမ်းဖတ်တွေထည့်ပြီးစိမ်းနံ့ ပျောက်သည်အထိကြော်ပေးပါ။ ရေစစ်ထားတဲ့ဂွေးသီးများထည့်ပါ။ငါးငံပြာရည်၊သကြား၊ဟင်းခတ်မှုန့်တို့ကိုအချိုးညီအောင်အရသာဖြည့်စွက်ပြီးရေခမ်း၊ဆီပြန်သည်အထိလှိမ့်နေအောင်ကြော်ပေးပါ။

ငရုတ်သီးပင်စိမ်းထောင်း

ငရုတ်သီးစိမ်း ၃၀တောင့်ခန့် ကြက်သွန်ဖြူ ၇တက် ပင်စိမ်း ၁စည်း သံပုရာသီး ၁ လုံး ငရုတ်သီးစိမ်းတွေကိုရေဆေး၊အညှာခြွေပါ။ကြက်သွန်ဖြူ ကိုအခွံခွာပြီးလေးစိတ်လောက်ပိုင်းလှီးပါ။ ဒယ်အိုးတစ်လုံးကိုမီးရှိန်အနည်းဆုံးနှင့်အပူပေးထားပြီးငရုတ်သီးတွေစိမ်းရောင်မပြောင်းပဲကျက်သည်အထိလှော်ပါ။ ပင်စိမ်းတွေကိုအရွက်ခြွေပြီးပွက်ပွက်ဆူနေတဲ့နေနွေးထဲသို့ထည့်ဖျောပါ။ပြန်လည်ဆယ်ယူစစ်ပြီးရေအေးလောင်းအအေးခံထားပါ။ (ငရုတ်သီးကိုမလှော်ပဲ၊ ပင်စိမ်းရွက်ကိုရေနွေးမ ဖျောပဲထောင်းလျှင်မည်းသွားတတ်ပါသည်)

ချက်ချင်းစားမည့်သူများကအစိမ်းကိုထောင်းစားနိုင်ပါသည်။ လှော်ထားတဲ့ငရုတ်သီး+ကြက်သွန်ဖြူ ကိုဆား၊ဟင်းခတ်မှုတ်တို့နှင့်အတူညှက်အောင်ထောင်းပါ။ ငရုတ်သီးညှက်ခါနီးလျှင်ရေနွေးဖျောထားတဲ့ပင်စိမ်းရွက်တွေကိုပါးပါးလှီးပြီးထည့်ကာသမသွားအောင်ထောင်းပါ။ သံပုရာသီးလေးညှစ်ပေးပါ။ဆီကြိုက်သူများကပဲဆီမွှေးမွှေးလေးဆမ်းနိုင်ပါတယ်။

Credit Original Post

တစ်ခုခု ပြောခဲ့ပါဦး

comments