သွေးတိုးသမား တစ်ယောက် အတွက် အကောင်းဆုံး ပြုမှုရမယ့် ပုံစံ ၃ခုရှိပါတယ်။

ပထမ တစ်ခုက အစားအသောက် မှန်ရမယ်၊ ထိန်းသင့်တာထိန်း၊ စားသင့်တာစားပေါ့၊ နောက်တစ်ခုက ကိုယ်လက်လှုပ်ရှားမှုနဲ့ အကောင်းဆုံး နေထိုင်ကျင့်ကြံမှု၊ နောက်ဆုံး တစ်ခုက ဆေးသောက်သုံး၊ ဆရာဝန်နဲ့ ပြသမှုတွေ ဖြစ်ပါတယ်။ အခု ကျွန်တော်က အစားအသောက်အပိုင်းလည်း မဟုတ် ဆေးခန်းလည်း ပြေးစရာ မလိုမယ့် အိမ်မှာတင် ဘယ်လို အကောင်းဆုံး နေထိုင်သင့်တယ် ဆိုတာ ပြောပြချင်ပါတယ်။

(၁) လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ – သွေးတိုးသမားတွေက သွေးတိုးချိန်တွေမှာ သက်တောင့်သက်သာဖြစ်အောင် ပိုနေလေ့ရှိပါတယ်။ ဒါဟာ ပုံမှန် လေ့ကျင့်ခန်း လုပ်ဆောင်ခြင်း မရှိလို့ ခံစားရမှုပါ။ ပုံမှန် လေ့ကျင့်ခန်း၊ လမ်းလျှောက်တာတွေ၊ ပြေးတာတွေ၊ အလေးမတာတွေ၊ စတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးမယ်ဆိုရင် ကိုယ်ခန္ဒာ လှုပ်ရှားမှုက သွေးပေါင်ကို ကျစေတယ်၊ အလေးချိန်လည်း တက်မလာစေဘူး၊ စိတ်ဖိစီးမှုကိုလည်း လျော့နည်း သက်သာစေပါတယ်။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။

တစ်ပတ်ကို ၇၅မိနစ်ကနေ မိနစ် ၁၅၀ အတွင်း အနည်းဆုံး ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်ဆောင်ပေးပါ။ မိမိ စိတ်ကြိုက် လေ့ကျင့်ခန်း ပုံစံ ရွေးချယ် လှုပ်ရှားနိုင်ပါတယ်။ အကောင်းဆုံးကတော့ အပြေး၊ လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ဘောလုံး၊ ဘတ်စကတ်ဘောလို အားကစားတွေ ကစားပေးတာ ကောင်းပါတယ်။

ကိုယ်ခန္ဓာ သန်မာမှု အတွက်လည်း အလေးမပေးပါ။ တပတ်ကို အနည်းဆုံး ၂ကြိမ်လောက် အလေးမပါ။ အရိုးတွေလည်း သန်မာစေသလို ကြွက်သားတွေလည်း အားကောင်းစေပါတယ်။

(၂) အရက်သောက်သုံးမှုကို လျော့ပါ – အရက်သောက်သုံးမှုကို နှလုံးကို အားနည်းစေပါတယ်။ အဝလွန်ခြင်းလည်း ဖြစ်စေနိုင်ပါတယ်။ အသောက်လျှော့ခြင်းနဲ့ အတူ သွေးတိုးကိုလည်း ကာကွယ်လျော့ချနိုင်ပါတယ်။ အသက် ၆၅နှစ်နဲ့ အထက်ရောက်ပြီ ဆိုတာနဲ့ တပတ်မှာ တရက်ထက် အရက် ပို မသောက်သင့်ပါဘူး။ နေ့တိုင်း သောက်တတ်တယ် ဆိုရင်လည်း တရက်ကို ၂ပက်ထက် ပိုမသောက်သင့်ပါဘူး။ တပက်ဆိုတာ ဘီယာဆိုရင် ၁၂အောင်စ၊ ဝိုင်ဆိုရင် ၅အောင်စ၊ အရက်ပြင်းဆိုရင် ၁.၅အောင်စကို ဆိုလိုတာပါနော်။

(၃) ဆေးလိပ်ဖြတ်ပါ – ဆေးလိပ်သောက်ခြင်းက သွေးကြောတွေကို ကျဉ်းစေပါတယ်။ သွေးတိုးဖို့ လွယ်စေပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး လမ်းညွှန်ချက် အတိုင်း လုပ်ဆောင်ပါ၊ အကောင်းဆုံးက ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ဖြတ်စခန်း ဝင်သင့်ရင် ဝင်လိုက်ပါ။ နီကိုတင်း အစားထိုး ဆေးတွေ စားဖို့ လိုအပ်ရင် စားသုံးပြီး ဆေးလိပ်ဖြတ်ပါ။

(၄) လမ်းဘေးဆေး (အလွယ်)မသုံးပါနဲ့ – ဆေးတစ်ခုခု သောက်ပြီးတိုင်း သွေးတိုးတယ် ထင်ရင် ဘယ်ဆေးသောက်တယ် ဆိုတာ ပြောပြပြီး ဆရာဝန်နဲ့ တိုင်ပင်ပါ။ သင့်လျှော်တဲ့ အခြား ဆေးကို ပေးပါလိမ့်မယ်။ ဖျားနာမှုကြောင့် စပ်ဆေးလို အလွယ်ဆေး သောက်သုံးမှုကြောင့် သွေးတိုးမှု ဖြစ်တတ်ပါတယ်။ အဆိုပါ ဆေးသောက်ပြီး သွေးတိုးရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အခြား ဆေးပြောင်းသောက်ပါ။ ကိုကင်းနဲ့ မက်သာဖီတမင်းလို ဆေးတွေက သွေးတိုးစေပါတယ်၊ ကိုယ်ဝန်တားဆေးတွေကလည်း သွေးတိုးစေပါတယ်၊ အအေးမိဖျားနာ ပျောက်ဆေး တချို့ကလည်း သွေးတိုးစေပါတယ်၊ ကူးစက်ရောဂါ ပျောက်ဆေးတွေကလည်း ပြင်းပြီး သွေးတိုးစေတတ်ပါတယ်။ ဆေးသောက်ပြီး သွေးတိုးရင် ဆရာဝန်ကို ပြောဖို့ တိုင်ပင်ဖို့ မမေ့ပါနဲ့။

(၅) စိတ်ဖိစီးမှုကို လျော့ကျအောင် နေပါ – စိတ်ဖိစီးမှုဟာ သွေးတိုးသမားတွေ၊ နှလုံးရောဂါသမားတွေ အတွက် ကြောက်စရာ ကောင်းပါတယ်။ စိတ်ဖိစီးမှု လျော့နည်းအောင် နေပါ။ ယောဂကျင့်နိုင်တယ်၊ တရားထိုင်နိုင်တယ်၊ သီချင်းနားထောင်နိုင်တယ်၊ အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်ပေးနိုင်တယ်၊ ဟာသဇာတ်ကားတွေ ကြည့်နိုင်တယ်၊ ဒီနည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုကို အကောင်းဆုံး လျော့ချနိုင်မှာ ဖြစ်ပါတယ်။

တစ်ခုခု ပြောခဲ့ပါဦး

comments