သျှမ်းပြည်မြောက်ပိုင် နမ္မတူမြို့တွင် ဒေသတွင်းလူငယ်များ မူးယစ်ဆေးဝါးနှင့်ကင်းဝေးစေရေး အတွက်ရည်ရွယ်ကာ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၆ ရက်နေ့က လူမှုအသင်းအဖွဲ့ ၊ NGO အဖွဲ့၊ ရပ်ကွက်၊ အုပ်စုအုပ်ချုပ်ရေးမှူး ၊ ကျောင်းဆရာများအဖွဲ့၊ ရဲ အာဏာပိုင်များနှင့်နမ္မတူဒေသခံများ စုပေါင်းကာ နမ္မတူမြို့ ဓမ္မာရုံတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့အစည်း၏ ဥက္ကဌ စိုင်းဘဉာဏ်က – “ကျနော်တို့ ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်ကတော့ ဒေသတွင်း မြို့ရွာတွင်းမှာ မူးယစ်ဆေးဝါးပပျောက်အောင်၊ ဆေးစွဲနေတဲ့သူတွေကို လူကောင်းပြန်ဖြစ်အောင်ပြုစုပျိုးထောင်ပေးဖို့ရည်ရွယ်ပါတယ်။ ဆေးစွဲနေသူတွေကို ထောင်ချမှာမဟုတ်ပါဘူး။ ပြန်ကောင်းလာအောင်ပျိုးထောင်ပေးမယ်။ဒီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်းထဲပါ၀င်လှုပ်ရှားလာအောင်ဆွဲဆောင်ပျိုးထောင်ပေးသွားပါမယ်။ဆေးမစွဲသေးတဲ့သူ လူငယ်တွေကိုလည်း လမ်းမှားမလျှောက်မိအောင် အသိပညာပေးမယ်။ ဆေးရောင်းတဲ့သူတွေကိုတော့ ဥပဒေနဲ့အညီ ပြစ်ဒဏ်ပေးသွားပါမယ် ”- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါစီမံကိန်းသည် မူးယစ်ဆေးစွဲနေသူများအား ပြန်လည်ပျိုးထောင်ပေးရန်အတွက်သာဖြစ်ကြောင်း၊ အဆိုပါဆေးစွဲလူငယ်များအား ဒေသတွင်းစုပေါင်းအင်အားဖြင့် ဒေသအကျိုးပြုလူတော်လူကောင်းပြန်ဖြစ်လာအောင် ပြုလုပ်ပေးသည့်စီမံကိန်းဖြစ်ကြောင်း၊ ဆေးသုံးသူလူငယ်များမရှိသည်အထိ မူးယစ်ဆေးအားတိုက်ဖျက်သွားမည်ဖြစ်ကြောင်းစိုင်းဘဉာဏ်က ပြောသည်။

ထိုစီမံကိန်းအောင်မြင်ရေးအတွက် နမ္မတူမြို့တွင်းသာမက ကျေးလက်များအထိပါ ကွင်းဆင်းကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီများဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်းဆိုပါသည်။

ကိုယ်ထူကိုယ်ထမူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့သည် ယမန်နေ့က မြို့တွင်း ၇ ရပ်ကွက်အတွင်း ကွင်းဆင်းလှုပ်ရှားဆောင်ရွက်ခဲ့ပြီး ရှေ့ဆက်တွင်လည်း နေ့စဉ် ကျေးလက်အတွင်းကွင်းဆင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုင်းဘဉာဏ်က ပြောဆိုပါသည်။

၂၀၁၇ နှစ်ကစပြီး သျှမ်းပြည်အတွင်းမူးယစ်ဆေးဝါး ရောင်းဝယ်မှု သုံးစွဲမှုများပြားပြီး ၁၀ ကျော်သက်လူငယ်များပင် မူးယစ်ဆေးဝါး သုံးစွဲနေကြကြောင်း သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောဆိုပါသည်။

ပြီးခဲ့သည့် မတ်လဆန်းကလည်း မူစယ်မြို့နယ် မိုင်းယုဘက်တွင်လည်း ဒေသတွင်းလူငယ်များ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လောင်းကစားဝိုင်းများတိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပါသည်။

တစ်ခုခု ပြောခဲ့ပါဦး

comments