သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်ရှိ နမ့်ပန်ချောင်းအတွင်း ရွှေတူးဖော်ရေးစက်ပစ္စည်းများတင်ဆောင် ထားသော ပိုင်ရှင်မဲ့ဖောင်တစီးကိုဖမ်းဆီးရမိကြောင်းသိရသည်။။

မတ်လ ၁၈ ရက် မနက်ပိုင်းက အဆိုပါဖောင်အား မိုင်းဖြတ်မြို့နယ် နမ့်ယောင်းရွာအနီး နမ့်ပန်ချောင်းအတွင်း ဖမ်းမိခြင်းဖြစ်သည်။

သို့သော် ဖောင်ပိုင်ရှင်အား ဖမ်းဆီးရမိခြင်းမရှိကြောင်း ဆိုပါသည်။

“ဒီအသေးစားဖောင်လေးနဲ့နမ့်ပန်ချောင်းထဲ ရွှေဆယ်ယူတဲ့လူတွေဟာ ဒေသတွင်းအာဏာပိုင်တွေ နဲ့စည်း ချက်ရိုက်ပြီးလုပ်နေတာ။ ဒေသတွင်းလူထုက ဒီရွှေဆယ်နေတာကိုအလိုမရှိကြောင်း အထက်ကိုတင်ပြတာရှိရင် နည်းနည်းဖမ်းပြတယ်လိုက်တယ်။ တကယ်လက်တွေ့အရေးယူတာတော့မရှိဘူး။ ”- ဟုမိုင်းဖြတ်ဒေသခံ စိုင်းစိုင်းကပြောသည်။

နမ့်ပန်ချောင်းအတွင်း ဖောင်ငယ်လေးများဖြင့်ရွှေဆယ်ယူနေသည်မှာ ကာလကြာရှည်ပြီဖြစ်ကြောင်း သို့သော် တရားဝင်ဆယ်ယူခွင့်ရထားခြင်းမဟုတ်ကြောင်း ဆို မိုင်းဖြတ်မြို့နယ် ကျားဖြူပါတီ SNDP ဥက္ကဌ စိုင်းခမ်းဇန်ကလည်းပြောပါသည်။

“အခုဖောင်လေးတွေနဲနဲလျော့လာတယ်လို့ပြောလို့ရတယ်။ အရင်ကဒီထက်များတယ်။ လူထုတိုင်ကြားရင် အာဏာပိုင်တွေက ဆင်းဖမ်းတဲ့ခါကျတော့ ဖောင်တွေပါးသွားတယ် ”- ဟု ၄င်းကဆိုပါသည်။

နမ့်ပန်ချောင်းအတွင်းရွှေလာတူးဖော်နေသူများမှာ မိုင်းဖြတ်ဒေသခံများမဟုတ်ကြောင်း အများစုမှာ တခြားဒေသမှလာသူများဖြစ်ကြောင်းလည်းပြောပါသည်။

မိုင်းဖြတ်မြို့နယ်အတွင်း ရွှေတူးဖော်ရန် ကမ်းလှမ်းလာသည့် Access Resources Asia ကုမ္မဏီအား လူထုက အကြိမ်ကြိမ် ကန့်ကွက်ဆန္ဒဖော်ထုတ်ကြသော်လည်း အဆိုပါကုမ္မဏီမှာ လူထုနှင့်မကြာခဏ လာရောက်တွေ့ဆုံနေကြောင်း သိရသည်။

ရွှေထွက်ရှိသောမိုင်းဖြတ်မြို့နယ်အတွင်း အဆိုပါကုမ္မဏီက ရွှေတူးဖော်ရန် ဧက ၁ သိန်းကျော်လျာထားကြောင်း ၊ ရွှေတူးဖော်ခဲ့ပါက ၁၃ အုပ်စုဒေသခံများ အဆိုပါဒဏ်ခံရမည်ဖြစ်ကြောင်းလည်း မိုင်းဖြတ်ဒေသခံများပြောဆိုကြသည်။

တစ်ခုခု ပြောခဲ့ပါဦး

comments